"နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်းက ပေါ်ထွက်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အကြောင်းတစေ့တစောင်း" အိုက်နီ(ဖြူး)
၂၀၂၁ခုနစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးက ပြည်သူလူထုကြားထဲမှာ စန်းထလာခဲ့ပြန်ပါတယ်။ ဖက်ဒရယ်ဆိုတဲ့အနက်အဓိပ္ပါယ်က အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Agreement (သဘောတူညီချက်)ပဲဖြစ်ပါတယ်။ ဒီထက်ကျယ်ပြန့်တဲ့ အနက်အဓိပ္ပါယ်တွေ လက်တွေ့ကျတဲ့ ဖက်ဒရယ်စနစ်ဆိုတာကိုပါ ဆန်းစစ်ကြရမှာပဲဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ သဘောတူညီချက်(Agreement)ဆိုတဲ့အနက်အဓိပ္ပါယ်ထက် Equality(တန်းတူရေး)အဓိပ္ပါယ်ကို ပိုမို သဘောကျပါတယ်။ အနက်အဓိပ္ပါယ်ပိုပြည့်စုံလိမ့်မယ်လို့လဲ ယူဆပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ တပြည်ထောင်စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်သလို အာဏာရှင်စနစ်တွေနဲ့လည်း ဆန့်ကျင်ဘက်အရပ်မှာ တည်ရှိနေတဲ့ နိုင်ငံရေးအရ တည်ဆောက်ပုံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာဦးအစကနေ တည်ရှိနေတဲ့ ထီးပြိုင် နန်းပြိုင် နိုင်ငံငယ်တွေ ပြည်ထောင်တွေကို သဘောဆန္ဒတူညီစွာ ပူပေါင်းပြီး နိုင်ငံတစ်ခုအဖြစ်ထူထောင်လိုက်ခြင်းကို ဖက်ဒရယ်စနစ်လို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအတွေးအခေါ်အယူအဆတွေကို ဆန္ဒစွဲကင်းဖို့လိုပါတယ်။ ဖက်ဒရယ်စနစ်က နိုင်ငံရေးဝါဒတွေအပေါ်မှာ တည်ဆောက်ရတာမျိုးထက် နိုင်ငံရေးအာဏာ၊ စ...