"အာဇာနည်ခေါင်းဆောင်ကြီးများပေးအပ်ခဲ့တဲ့ သမိုင်းလက်ဆင့်ကမ်းအမွေ" အိုက်နီ(ဖြူး)

     ဘဝဆိုတာ တိုက်ပွဲဆင်ရင်းရှင်သန်ရတဲ့ တရားဟာ ကမ္ဘာတည်သရွေ့မှန်ကန်နေမဲ့တရားပါ။ ရှင်သန်ဖို့ ရုန်းကန်ရင်း ၊ ရုန်းကန်ရင်း ရှင်သန်နေရတာ လူ့သဘာဝပါ။ တိုင်းပြည်မှာလည်း အမျိုးသားလွတ်မြောက်ရေး အဖိနှိပ်ခံလူတန်းစားဘဝလွတ်မြောက်ရေး လှုပ်ရှားမှုတွက အချိန်စက္ကန့်နဲ့အမျှ ရုန်းကန်နေရဆဲပါ။ နယ်ချဲ့အရင်းရှင်ဗြိတိသျှအစိုးရရဲ့ ကျူးကျော်စစ်၃ကြိမ် ကျူးကျော်မှုက ၁၈၈၅ခုနစ်မှာ စုန်းစုန်းမြှပ်ပြီး နယ်ချဲ့လက်ထဲရောက်သွားခဲ့ပါတယ်။ ၁၉၀၃ ရှိခိုးသပိတ်၊ ၁၉၂၀ကျောင်းသားသပိတ်၊ YMBAအမျိုးသားရေး လှုပ်ရှားမှုကအစပြုပြီး ၁၉၃၀ဆရာစံပုန်ကန်မှု၊ ၁၉၃၆၊၁၉၃၈ကျောင်းသားတိုက်ပွဲတွေ ကနေ လက်နက် စွဲကိုင်တော်လှန်ရေးကသာ ဗမာပြည်လွတ်လပ်ရေးကို အဆုံးအဖြတ်ပေးလိုက်ပါတယ်။ အမျိုးသားလွတ်လပ် ရေးတိုက်ပွဲမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ မျိုးချစ်ဗမာ့တပ်မတော် နဲ့ လူမျိုးပေါင်းစုံပြည်သူလူထု၏ ခုခံ တော်လှန်ရေးစစ်ပွဲတွေကြောင့် နယ်ချဲ့ဗြိတိသျှရော ဖက်ဆစ်ဂျပန်ကိုပါ အောင်ပွဲရရှိခဲ့တာ ဖဆပလဆိုတဲ့ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြောင့်ပဲဖြစ်ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲကို တစ်ဦးကောင်း တစ်ယောက်ကောင်း တိုက်ပွဲ ကြောင့်မဟုတ်ဘဲ စုပေါင်းစုဖွဲ့မှု စုပေါင်းခေါင်းဆောင်မှု ကြောင့်ပဲဖြစ်ပါတယ်။ ဗိုလ်အောင်ဆန်းနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရဲ့ အားထုတ်မှုကြောင့် တပ်ပေါင်းစုကပဲ အောင်ပွဲခံခဲ့တာပါ။ ဒီနေရာမှာ တော်လှန် ရေးဖြစ်စဥ်တိုင်းမှာ အချောင်သမား ကိုယ်ကျိုးရှာသမား လက်ယာစွန်းလူတစ်စုက လွတ်လပ်ရေး ရပြီး အမျိုးသားညီညွတ်ရေးအစိုးရမျိုး မလိုလားခဲ့လို့ နယ်ချဲ့နဲ့ပူပေါင်းကာ အမျိုးသားခေါင်းဆောင် ၉ဦးကို လုပ်ကြံသတ်ဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အားလုံးနားလည်နေတဲ့ ဂဠုန်ဦးစော သတ်ဖြတ်တယ်ဆိုတာ ပြည်စုံတဲ့ သမိုင်းတစ်ခုတော့မဟုတ်ပါဘူး။ အာဏာနေရာလိုလားပြီး နိုင်ငံခြားပြန် အင်္ဂလိပ်အလိုတော်ရိ ဂဠုန်ဦးစောကို အသုံးချပြီး လက်ယာအချောင်သမားတစ်စုက အကွက်ကျကျ ကြံစည်တဲ့သမိုင်းပါ။ ဗမာပြည်နိုင်ငံရေးအာဏာကို နှစ်ကာလရှည်ကြာစွာ ထိန်းသိမ်းဖို့ အားထုတ်မှုက ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးတဲ့ လက်သည်တရားခံလည်း ဖြစ်ပါတယ်။ လက်ယာအချောင်သမားလူတစ်စုက ဖဆပလ ထဲက ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်ခြင်း၊ ပြည်ထောင်စုစနစ်တည်ထောင်လိုသူ တိုင်းပြည်ကို ဆိုရှယ်လစ်နိုင်ငံထူထောင်လိုသူ ဗိုလ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှု၊ တစ်ပြည်ထောင်စနစ်မူတွေကြောင့် ဗကပနဲ့ ကရင်၊မွန်၊ရက္ခိုင်၊ရှမ်းစတဲ့ လူမျိုးပေါင်းစုံတွေက လက်နက်ကိုင်စွဲခဲ့ရပါတယ်။ အချောင်သမားလူတစ်စုရဲ့ ယုတ်မာတဲ့အကြံအစည်ကြောင့်ပဲ စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးလိုက်ပြီး ယနေ့အချိန်ထိ တော်လှန်တိုက်ပွဲဝင်နေရတာပဲဖြစ်ပါတယ်။ ၁၉၅၈ခုနစ်မှာ ပါလီမန်က တရားဝင်ဥပဒေနဲ့ စစ်တပ်ကို နိုင်ငံရေးအာဏာကိုရယူခွင့်ပေးပြီး စစ်အာဏာရှင်စနစ်ကို သန္ဓေတည်ပေးလိုက်တာပဲဖြစ်ပါတယ်။ သမိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အဖွဲ့တွေ ပါတီတွေ လူပုဂ္ဂိုလ်တွေ အများစုက ကျဆုံးသေဆုံးကုန်ပါပြီ စစ်အာဏာရှင်စနစ်ကတော့ ရှိနေဆဲပါ။ ရှေးမျိုးဆက်က မပြီးပြတ်တဲ့ တော်လှန်ရေးတာဝန်ကို ယခုမျိုးဆက်က ဆက်လက်ပြီး တာဝန်ယူရမှာပဲ ဖြစ်ပါတယ်။ အာဇာနည်ခေါင်းဆောင်တွေက အသက်နဲ့ရင်းပြီး လွတ်လပ်ရေးအမွေကို ပေးအပ်နိုင်ပေမယ့် တန်းတူရေး အမျိုးသားပြဌာန်းခွင့် အမျိုးသားလွတ်လပ်ရေးကိုတော့ ကိုယ်တိုင်ဖန်တီး ရယူကြရမှာပါ။ သမိုင်းမှာ အာဇာနည်ခေါင်းဆောင်တွေ စံနမူနာပြပြီး ရယူပေးအပ်တဲ့ စုပေါင်းခေါင်းဆောင်မှု စုပေါင်းစုဖွဲ့မှု မျိုးနဲ့သာ ဒီကနေ့ နွေဦးတော်လှန်ရေးကြီးက တိုက်ပွဲဝင်ကြရန်မှာ အာဇာနည်ခေါင်းဆောင်တွေပေးအပ်ခဲ့တဲ့ ကျန်ရစ်သူအတွက် သမိုင်းလက်ဆင့်ကမ်း တော်လှန်ရေးအမွေသာ ဖြစ်ကြောင်း  သုံးသပ်တင်ပြလိုက်ရပါတယ်။ 
                                                                                                                   အိုက်နီ(ဖြူး)


 

Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”