"တသက်တာတော်လှန်ရေးသမားရဲ့ဘဝနေဝင်ချိန်ဟာ ဂုဏ်ရောင်ထွန်းပြောင်နေဆဲပါ" အိုက်နီ(ဖြူး) (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၁
ဘဘဦးလှရွှေဟာ ဇူလိုင်လ ၁၅ ရက်နေ့ ညဦးပိုင်း ၇း၁၇ မိနစ်ခန့်က
ကိုဗစ်-19 ရောဂါနဲ့ အောက်ဆီဂျင်ပြတ် လပ်ပြီး အသက် ၈၄ နှစ်အရွယ်မှာ
ကွယ်လွန်သွားခဲ့တယ်လို့ မနေခြည်(ဦးလှရွှေ၏သမီး)ဆီကကြားသိတဲ့အခါ
အင်မတန်တုန့်လှုပ်ခဲ့ရပါတယ်။ ဘဘ ဦးလှရွှေကို ဘိုကလေးမြို့မှာ
မွေးဖွားခဲ့ပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝကတည်းက
မြို့နယ်ကျောင်းသားသမဂ္ဂမှာ တက်ကြွစွာပါဝင်ကာ တက္ကသိုလ်ဝင်တန်းအောင်
မြင်ပြီးချိန်မှာတော့ ရန်ကုန်တက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားစဥ် ရန်ကုန်တက္ကသိုလ်ကျောင်း
သားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့
အတွင်းရေးမှူးတာဝန်ယူခဲ့ပါတယ်။
၁၉၆၂ ခုနှစ်က
သမိုင်းမှာထင်ရှားခဲ့တဲ့ ၇ ဂျူလှိုင်ကျောင်းသားအရေးတော်ပုံကြီးမှာ
ဦးလှရွှေဟာ တကသ၊ ဗကသကျောင်းသားခေါင်းဆောင်အဖြစ်ဦးဆောင်ခဲ့ပြီး
စစ်အာဏာရှင်ဗိုလ်နေဝင်းက ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖြိုခဲ့သလို
ကျောင်းသားရာကျော်ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
နိုင်ငံရေးခံယူချက်ပြင်းပြလှတဲ့ဦးလှရွှေက
စစ်အာဏာရှင်စနစ်ကိုလက်နက်စွဲကိုင်တော်လှန်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့အတူ
တောခိုခဲ့ပြီး လက် နက်ကိုင်တိုက်ပွဲဝင်ခဲ့ပါတယ်။
ဧရာဝတီတိုင်းတောတွင်းတနေရာမှာ
စစ်အာဏာရှင်ဗိုလ်နေဝင်းတပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်ခံခဲ့ရပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ
အထွေထွေသပိတ်ကြီးမှာ တက်ကြွစွာပါဝင်ခဲ့ပြီး
ပြည်သူ့တိုးတက်ရေးပါတီထူထောင်ရာမှာလည်းအတွင်းရေးမှူးတာဝန်ယူခဲ့ပါတယ်။ ၁၉၉၀
ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့တိုးတက်ရေးပါတီအား
တရားမဝင်နိုင်ငံရေးပါတီအဖြစ် စစ်အာဏာရှင်အစိုးရကြေညာပြီး ထပ်မံဖမ်းဆီးခံရကာ
ထောင်ဒဏ်များချမှတ်ခံခဲ့ရပါတယ်။ အကျဥ်းထောင်ကပြန်လွတ်ချိန်မှာတော့
ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပြီး နိုင်ငံ ရေးတာဝန်များကိုလည်း
ထမ်းဆောင်ခဲ့ပြန်ပါတယ်။ ၁၉၈၈ ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းရေးသား
ပြုစုတဲ့မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်
ပြုစုရေးသားမှုနဲ့ ကိုအောင်ထွန်း၊ လေထီးဦးအုန်းမောင်တို့နဲ့အတူ
နှစ်ရှည်ထောင်ဒဏ်များထပ်မံကျခံခဲ့ရပါတယ်။
အကျဥ်းထောင်မှလွတ်မြောက်ပြီး
ကျဆုံးကွယ်လွန်သည်အထိ သူယုံကြည်တာစွဲမြဲဆုတ်ကိုင်ပြီး မူ ၄ ရပ်ကို
အမြဲရေရွတ်ပြောပြခဲ့ဖူးပါတယ်။ နိုင်ငံရေး သမားတယောက်ဖြစ်ဖို့ဆိုရင် ...(၁)
ခေတ်သမိုင်းအပေါ်မှာ သစ္စာရှိရမယ်။ (၂) ပြည်သူလူထုအပေါ်မှာ သစ္စာရှိရမယ်။
(၃) မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။ (၄) လက်တွေ့ဘဝမှာ မာ့က်စ်ဝါဒ၊
ဆိုရှယ်လစ်စနစ်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(MSC) ဝါဒ၊ ပါတီနဲ့
ပြည်သူလူထုကိုလက်ခံယုံရမယ်လို့ အမြဲတမ်းသြဝါဒပေးမှုက မေ့မရခဲ့ပါ။ ဘဘဟာ
အောင်သာ (PPP) အမည်နဲ့ နိုင်ငံရေးဖြတ်သန်းမှုများ၊ နိုင်ငံ
ရေးသုံးသပ်ချက်စာပေများကို ကျဆုံးကွယ် လွန်သည်အထိ ရေးသားခဲ့ပါတယ်။
အိုက်နီ(ဖြူး)
3:00 AM
Comments
Post a Comment