“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”



            မြန်မာစစ်အာဏာသိမ်းကောင်စီကို အရေးယူဖို့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံပေါင်း (၁၁၉)နိုင်ငံက အရေးယူဖို့ထောက်ခံခဲ့ကြပြီး ဘဲလာရုစ်တစ်နိုင်ငံထဲကသာ ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရဘက်က ရပ်တည်ပေးလိုက်တဲ့ ဘဲလာရုစ်နိုင်ငံဟာ ဘာလဲ ဘယ်လဲဆိုတာ မြန်မာပြည်သူများ အ ကြား   စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ ဘဲလာရုစ်နိုင်ငံဆိုတာ ဉရောပနိုင်ငံထဲက လူဉီးရေ (၉) သန်းသာ နေထိုင်ပြီး ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံပါ။ သစ်တောထူထပ်ပြီး စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေး အဓိကထား တဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၉၉၀ခုနစ် ဂျူလှိုင်လ(၂၇)ရက်နေ့ထိ ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံတခု ဖြစ်ခဲ့ပြီး ၁၉၉၁ခုနစ် ဩဂုတ်လ(၂၅)ရက်နေ့ရောက်မှသာ သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်ကြောင်း ကြေညာနိုင်ခဲ့တာပဲဖြစ် ပါတယ်။ ၁၉၉၄ခုနစ် ရွေးကောက်ပွဲမှာ အလက်ဇန္နားလူကာရှန်ကို အနိုင်ရရှိပြီး သမ္မတအဖြစ် ကြေညာခဲ့ပေ မယ့် ကမ္ဘာ့နိုင်ငံများနဲ့ ဉရောပနိုင်ငံများက တရားမျှတမှုကင်းမဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပြီး အသိအမှတ်မပြုခဲ့ကြ ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်း ရုရှားနိုင်ငံကသာ အသိအမှတ်ပြုခဲ့ပြီး ရုရှားနဲ့ ဘဲလာရုစ် နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

            ဉရောပနိုင်ငံများက ဉရောပလက်ကျန်အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ပြီး ၁၉၉၇ခုနစ်မှာ Council of Euope(ဉရောပကောင်စီ) က ထုတ်ပယ်ခဲ့ပါတယ်။ ၁၉၉၄ခုနစ်မှ ၂၀၂၀ခုနစ်ထိ အလက်ဇန္နားလူကာရှန်ကို က သူသာလျှင် ရွေးကောက်ပွဲတိုင်းအနိုင်ရရှိတယ်လို့ ပြောကြားနေပေမယ့် အငြင်းပွားဖွယ်ရွေးကောက်ပွဲဖြစ် ကြောင်း  အတိုက်အခံပါတီခေါင်းဆောင်များ၊ ပြည်သူများကသောင်းနဲ့ချီ ချီတက်ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ရုရှားနိုင်ငံကတော့ အာဏာရှင်လူကာရှန်ကို,ကိုသာ ထောက်ခံပေးထားပြီး မြန်မာစစ်အာဏာရှင်များနှင့်လည်း နှစ်ကာလရှည်ကြာစွာ ဆက်ဆံရေးထူထောင်ထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ (၂၇)နှစ်တာ အာဏာ ရယူ ထား သော  လူကာရှန်ကိုက အငြင်းပွားဖွယ်ရွေးကောက်ပွဲကနေ အနိုင်ရထားတာလို့ ကမ္ဘာ့နိုင်ငံများက လက်ခံထား ပါတယ်။ အာဏာရှင်လူကာရှန်ကိုလက်ထက်မှာ အတိုက်အခံနိုင်ငံရေးသမားများ၊ သတင်းမီဒီယာသမားများ၊ တက်ကြွလှုပ်ရှားသူများ ရာနဲ့ချီ နှိပ်ကွပ်ဖမ်းဆီးခံထားရပါတယ်။ ၂၀၂၀ခုနစ် စက်တင်ဘာလ(၁)ရက်နေ့ ကုလ သမဂ္ဂအစည်းအဝေးမှာ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး အစီရင်ခံစာမှာ ဘဲလာရုစ်နိုင်ငံရဲ့ ဖမ်း ဆီးနှိပ်ကွပ် ညှင်းပန်းမှုများကို တိုင်စာပေါင်း (၄၅၀)လက်ခံရရှိထားကြောင်းဖော်ပြထားပါတယ်။

            ဘဲလာရုစ်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ဟာ ကာလရှည်ကြာစွာ ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး နအဖစစ်အစိုးရလက်ထက်မှာ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ၂၀၀၈ခုနစ်တွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း ထားပြီး လက်နက်‌ရောင်းချြခင်း၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ခြင်း၊ စစ်သင်တန်းပေးခြင်းတွေပါဝင်ပါတယ်။ ဉရောပနိုင်ငံများထဲက လက်ကျန်အာဏာရှင်အစိုးရနဲ့ အာရှရဲ့ စစ်အာဏာရှင်အစိုးရတို့အကြား ဆက်ဆံရေး တည်ဆောက်နိုင်တာဟာ ထူးဆန်းတဲ့ကိစ္စရပ်တော့ မဟုတ်ဘဲ ကမ္ဘာ့အထီးကျန်အာဏာရှင်နိုင်ငံ(၂)ခုထက် မပို ပါဘူး။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ ဒီမိုကရေစီအင်အားစုနဲ့ NUGအနေနဲ့ ဘဲလာရုစ်အာဏာရှင်စနစ်ကို နှစ်ကာလရှည်ကြာတိုက်ပွဲဝင်နေတဲ့ ဘဲလာရုစ်ပြည်သူများနဲ့ လက်တွဲတိုက်ပွဲဝင်ကြရန် ပိုအရေးကြီးပါတယ်။ အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်နေတဲ့ ကမ္ဘာ့ပြည်သူများအကြား သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ကြရန် ဘဲလာရုစ်ဆိုတာ ဘယ်လိုနိုင်ငံဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။

                                                                                                              အိုက်နီ(ဖြူး)

                                                                                                   ဇွန်လ(၂၂)ရက်၊ ၂၀၂၁ခုနစ်

 

Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)