"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)




    သမိုင်းမှာ ကျောင်းသားသပိတ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရဖူးပါတယ်။ သပိတ်အပြီးမှာ အောင်ပွဲချည့် ရတာမျိုးမဟုတ်ဘဲ ပကတိအခြေအနေအရ သပိတ်လှန်ကြရစမြဲပါ။ တိုက်တိုင်း အောင် အခြေအနေဟာ သမိုင်းမှာ မရှိခဲ့ပါ။ စိတ်ဓာတ်ရေးရာအရ အောင်ပန်းတွေ တပွေ့ကြီး ဆင်ခဲ့ရပေမယ့် လက်တွေ့မှာ တောင်းတိုင်းရသည့် အခြေ အနေမရှိပါ။ နိုင်ငံရေးအာဏာကို အုပ် စိုးသူ အရင်းရှင်လူတန်းစားက ချုပ်ကိုင်ထားသမျှ ကာလပတ်လုံး တိုက်ပွဲ တွေဟာ ဖိနှိပ်ဖြိုခွဲမှု မျိုးစုံနဲ့ ရင်ဆိုင်ရစမြဲပါ။ ဒါပေမဲ့ တိုက်ပွဲတခုစီရဲ့ အပြီးမှာ နောက်ထပ်လမ်းတခု ရွေးကြရတာပါပဲ။ နောက်ဆုံးနည်းကတော့ မိမိတို့ရဲ့လိုလားမှုများကို ခွစီးဗိုလ်ကျနေတဲ့ အုပ်စိုးသူလူတန်းစားရဲ့ ယန္တရား အလုံးစုံကို ဖြိုချ၊ လူထုအုပ်ချုပ်ရေးယန္တရားအစားထိုးမှသာ အောင်ပွဲဆင်နိုင်မှာပါ။ ပညာရေးတိုက်ပွဲရဲ့အဆက်သည်လည်း နည်းလမ်းမျိုးစုံနှင့်တိုက်ပွဲဆင်ရမည်မှာ မုချမလွဲပါ။
ဒီမိုကရေစီပညာရေးတိုက်ပွဲဆိုတာဟာ မနေ့တနေ့ကမှဆင်နွဲခဲ့တာ မဟုတ်ပါဘူး။ ကိုလိုနီခေတ် ကတည်းက ဆင်နွဲတိုက်ပွဲဝင်ခဲ့ရတာပါ ။
ကိုလိုနီလက်အောက်မှာလည်း နိုင်ငံရေးလွတ်လပ်ခွင့်၊ ပညာရေးလွတ်လပ်ခွင်၊့ လူတန်းစား လွတ်မြောက် ရေးတွေ ဆုံးရှုံးနေရတာဟာ အုပ်စိုးသူ ဗြိတိသျှအရင်းရှင် နယ်ချဲ့စနစ်ကြောင့်ဆိုတာ သိမြင်လာပြီး လက်နက်ကိုင် တော်လှန်ရေးနဲ့ လူထုတိုက်ပွဲနည်း သဏ္ဌာန်ပေါင်းစုံတို့ ပေါင်းစပ်တိုက်ပွဲဆင်နွှဲမှုကြောင့် လွတ်လပ်ရေး ရလာခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးအရသာကို ပြည်သူတွေ ပြည့်ပြည့်၀၀ မခံစားရပါဘူး။ ထို့အပြင် စီးပွား ရေးယန္တရားတစုံလုံးကို နယ်ချဲ့လက်ထဲ ထိုးအပ်ထားခြင်းနဲ့အတူ ပညာရေး လွတ်လပ်ခွင့် သည်လည်း ဆက်လက်ဆုံးရှုံးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ ပညာ ရေးတိုက်ပွဲကို လွတ်လပ်ရေးရပြီး ခေတ်မှာလည်း ဆက်ပြီး တိုက်လာ ခဲ့ရတာပါ။
ဒါနဲ့ပတ်သက်လို့ ပိုမိုသိမြင်သဘောပေါက်ဖို့ဆိုရင် အတိတ်သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်ဖို့ လိုပါလိမ့်မယ်၊
၁၈၈၅ ခုနှစ်မှာ ဗမာတပြည်လုံး ကိုလိုနီလက်အောက်သို့ ကျရောက်သွားခဲ့ချိန်ကစပြီး ကိုလိုနီယန္တရားအား လည်ပတ်နိုင်စေရန် လူလတ်တန်းစားတရပ်လိုအပ်လာမှုကြောင့် ကောလိပ်ပညာရေးကို စတင် အကောင်အထည် ဖော်ခဲ့တယ်။ အဓိပ္ပာယ်က ပညာတတ် အလယ်လတ်လူတန်းစားတရပ်မွေးထုတ်ပြီး ကိုလိုနီယန္တရားအား ကိုင် တွယ်မောင်းနှင်ဖို့ပဲ ဖြစ်တယ်။ ထိုပညာရေးစနစ်ရဲ့ စရိတ်စက ကြီးမားမှုကြောင့် ငွေရှင်ကြေးရှင်သားသမီးများ အ တွက်သာ အကျိုးပြုတဲ့ ပညာရေးစနစ် ဖြစ်ခဲ့တယ်။ ဒါကြောင့် ၁၉၂၀ မှာ ဗမာပြည်ရဲ့ ပထမဦး ဆုံးပညာရေး တိုက်ပွဲ စခဲ့တယ်။ ဒီမိုကရေစီကို အခြေခံတဲ့ ပညာရေးစနစ်ကို တောင်းဆိုခဲ့ပေမယ့် ပျားရည်နှင့်ဝမ်းချတဲ့ ရလဒ်သာ ရခဲ့တယ်။ ပညာရေးတိုက်ပွဲ မအောင်မြင်ရတာဟာ ဗမာပြည်ကို နယ်ချဲ့အုပ်စိုးနေတဲ့ ဗြိတိသျှ အရင်းရှင် ကြောင့်ဆိုတာ အဖြေပေါ်ခဲ့တယ်။ ဒါ့ကြောင့် ပညာရေးတိုက် ပွဲတွေမှာ နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံ တင်ခဲ့ကြတယ်။ ဝံသာနု လှုပ်ရှားမှု အားကောင်းလာ ခဲ့တယ်။
ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား၊ ဗမာပြည်သည်တို့ပြည်
ဆိုပြီး ကြွေးကြော်လှုပ်ရှားခဲ့ကြတယ်။ တို့ဗမာအစည်းရုံးကို ဖွဲ့စည်းခဲ့တယ်။
ထိုအချိန်က ရုရှားတွင် ၁၉၁၇ မဟာအောက်တိုဘာတော်လှန်ရေး အောင်ပွဲရတဲ့ အောင် သတင်းဟာလည်း အဖိနှိပ် ခံ ကျွန်နိုင်ငံများဆီသို့ တစိမ့်စိမ့်ပျံ့နှံ့ခဲ့ပြီး မာ့က်စ်ဝါဒ ရေပန်းစားလာခဲ့တယ်။ ထိုတိုင်းပြည်များနည်းတူ ဗမာပြည်ဟာလည်း မာ့က်စ်ဝါဒ လေ့လာလာခဲ့ကြတယ်။ မာ့က်စ်ဝါဒက လမ်းပြမှုကြောင့် လွတ်လပ် ရေးအတွက် လိုအပ်လျှင် တိုက်ယူရမည်ကို သိမြင်လာခဲ့ကြတယ်။ ၁၉၂၀ ကျောင်းသားသပိတ်အပြီး နယ်ချဲ့ဆန့်ကျင်ရန် စူးစမ်းရှာဖွေခြင်းရဲ့အကြီးမားဆုံးအကျိုးမြတ်ပါပဲ။
ဩဇာကြီးမားသော ထိုစဉ်က တိုးတက်တဲ့ လူငယ်များနဲ့တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များရဲ့ မာ့က်စ်ဝါဒ လေ့လာမှုဂယက်ဟာ ရန်ကုန်တက္ကသိုလ်အတွင်းသို့ ပျံ့နှံ့ခဲ့ပြန်တယ်။ သစ်လွင်တဲ့ အတွေး အခေါ်ရဲ့ လမ်းပြမှုကြောင့် နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ထိုအချိန်က ကျောင်းသား ခေါင်းဆောင် မောင်နုက ဆက်တိုက်ဟောပြောမှုကြောင့် ဗြိတိသျှ နယ်ချဲ့အစိုးရရဲ့ မျက်မုန်းကျိုးမှုခံခဲ့ရတယ်။ နောက် ကျောင်းထုတ်ခဲ့ရတယ်။ အိုးဝေ မဂ္ဂဇင်း မှာလည်း “ငရဲခွေးကြီးလွတ်နေပြီ” ဆောင်းပါးက တက္ကသိုလ် အုပ်ချုပ်ရေးအာဏာပိုင်များအား ထောက်ပြဝေဖန်ရုံမကဘဲ ၉၁ ဋ္ဌာနအုပ်ချုပ်ရေး အမတ်များ အကြောင်းကိုပါ ဖော်ထုတ်ဖွင့်ချ ရေးသားမှုကြောင့် ဒေါသအိုး အသီးသီး ပေါက်ကွဲကုန်ကြတယ်။ ဒါကြောင့် ဆောင်းပါးရှင်အား ဖော်ထုတ်ရန် အယ်ဒီတာ ကိုအောင်ဆန်းကို တောင်းဆိုပေမယ့် ဖော် ထုတ်မပေးတာကို အကြောင်းပြပြီး ကိုအောင်ဆန်းကိုပါ ကျောင်းထုတ်ခဲ့ပြန်တယ်။ သမဂ္ဂ ခေါင်းဆောင်များအား ကျောင်းထုတ်မှုကို ကျောင်းသားထုမှ ဒေါသထွက်ခဲ့ကြပြီး သမဂ္ဂအဆောက် အဦးတွင် ကျောင်းသား ထုအစည်းအဝေးကျင်းပခဲ့ကြတယ်။ သမဂ္ဂတာဝန်အရပ်ရပ်ကို ကိုရာရှစ်မှ တာဝန်ယူခဲ့ပြီး ကျွန်စံနစ် အား သက်ဆိုးရှည်စေတဲ့၊ လွတ်လပ်ခွင့်ဆုံးရှုံးနေသော ဒီမိုကရေစီပညာ ရေးအတွက် ဆက်လက်တိုက် ပွဲဝင်ရန် သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ တောင်းဆိုချက် ၁၁ ချက်တောင်းဆိုခဲ့ကြတယ်။ အဲဒီ တောင်းဆိုချက်တွေထဲမှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားခေါင်း ဆောင်များကို ကျောင်းမှ ပြန်လည် လက်ခံရန်အချက်လည်း ပါရှိခဲ့တယ်။
၁၉၃၆ ကျောင်းသားသပိတ်ဟာ ၁၉၂၀ ကျောင်းသားသပိတ်ရဲ့ မပြီးဆုံးသေးသော သမိုင်း တာဝန်ကို ဆက်လက်ထမ်းဆောင်လိုက်တာပါပဲ။ ၁၉၃၆ သပိတ်ဟာ ၁၉၂၀ သပိတ်ထက် ပိုမိုတိုး တက်မြင့်မားလာခဲ့တယ်။ အတွေးအခေါ်အရ ဖြစ်စေ၊ လုပ်ဟန်အရဖြစ်စေ ပိုမိုသစ်လွင်လာတယ်။ သမဂ္ဂရဲ့ ဦးဆောင်မှုကြောင့်၊ ဒါ့အပြင် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး လူထုလူတန်းစား အဖွဲ့အစည်းတွေ ရဲ့ ပါဝင်ဝန်းရံမှုကြောင့် ဖြစ်ပါတယ်။ သပိတ် သဘောသဘာဝအရ အကန့်အသတ်နဲ့ သပိတ်လှန်ခဲ့ရ ပေမယ့် နိုင်ငံရေးအကျိုးအမြတ်များစွာ ရရှိခဲ့သည်ကို ငြင်းပယ်၍ မရပါ။ သပိတ်အပြီး တနိုင်ငံလုံး ကျောင်းသားသမဂ္ဂများ ချိတ်ဆက်နိုင်ရန် ဗကသ အဖွဲ့(ဆဋ္ဌမကြိမ်မြောက်ညီလာခံမှ ဗကသများအဖွဲ့ ချုပ်ဟုပြောင်းလဲခေါ်ဆိုသတ်မှတ်)ကို ဖွဲ့စည်းနိုင်တဲ့အပြင် မာ့က်စ်ဝါဒ ပြန့်ပွားရေးအတွက် နဂါးနီ စာအုပ်အသင်းကို ကျောင်းသားခေါင်းဆောင်ဟောင်းတွေနဲ့တိုးတက်တဲ့ လူငယ်တစုက ထူထောင် ခဲ့ကြတယ်။ မာ့က်စ်ဝါဒ စံနစ်တကျ လေ့လာရေးနဲ့ ပြန့်ပွားရေးအတွက် ရည်ရွယ်ခဲ့ကြတာပါ။
သပိတ်အပြီး မရှေးမနှောင်းမှာပဲ ရေနံမြေ အလုပ်သမားထုက တောင်းဆိုချက် ၁၂ ချက်တင် ပြကာ မလိုက်လျောပါက သပိတ်မှောက်မယ်လို့ ၎င်းတို့ရဲ့သန္နိဋ္ဌာန်ကို ထုတ်ဖော်လိုက်ပါတယ်။ ထိုသပိတ်မှာ တိုးတက်တဲ့ တို့ဗမာအစည်းအရုံးမှ ပါဝင်အားဖြည့်ခဲ့ကြပါတယ်။ ဗြိတိသျှအရင်းရှင်တို့ရဲ့ မလိုက်လျောမှုကြောင့် ချောက်မှ ရန်ကုန်သို့ ချီတက်သပိတ်မှောက်ရန် ဆုံးဖြတ်ချီတက်ရာတွင် ဗကသ မှ ကိုဗဟိန်းနဲ့ ကိုဗဆွေတို့ကို ကျောင်းသားကိုယ်စားလှယ်အဖြစ်စေလွှတ်ပြီး သပိတ်ကို အားဖြည့်ဝန်း ရံကူညီခဲ့တယ်။ မကြောက်တရား ဟောပြောမှုကြောင့် ကျောင်းသားခေါင်းဆောင်ကိုဗဟိန်း အဖမ်းခံခဲ့ ရတယ်။ သပိတ်တပ် မကွေးထောင်အနီးအရောက်တွင် ကိုဗဟိန်းက ထောင်နံရံပေါ်တက်ပြီး တရား ဟောပြောခဲ့ရာမှာ “မြင်းခွာတချက်ပေါက်ရင် ဗမာပြည်ကြီး မီးဟုန်းဟုန်း တောက်စေရမယ်”လို့ ထည့် သွင်းလှုံ့ဆော်ခဲ့ပါတယ်။ ဒီလှုံ့ဆော်လိုက်တဲ့ စကားဟာ တပြည်လုံးကို တပ်လှန့်လိုက်တဲ့ ကြွေးကြော်သံ ဖြစ်လာခဲ့ပါတယ်။
ကျောင်းသားခေါင်းဆောင် အဖမ်းခံရမှုကို ကျောင်းသားထုများဒေါသထွက်ခဲ့ပြီး အတွင်း ဝန်ရုံးကို ဝိုင်းဝန်းဆန္ဒပြခဲ့ကြတယ်။ ဒီဆန္ဒပြမှုကို မြင်းစီးပုလိပ်တပ်က ရ်ိုက်နှက်ဖြိုခွင်းရာတွင် ကျောင်း သားကိုအောင်ကျော် ခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ထိခိုက်ခဲ့ပြီး နှစ်ရက်အကြာ အသက်စွန့်ခဲ့ရတယ်။ ကျောင်းသားထုမှ ပိုမိုပေါက်ကွဲကာ ၁၉၃၆ ကျောင်းသားသပိတ်ရဲ့ မပြီးဆုံးသော ပညာရေးတိုက်ပွဲအား ဆက်လက်ဖေါ်ဆောင် သပိတ်မှောက်ခဲ့ကြတယ်။ ၁၉၃၈ ကျောင်းသားသပိတ်ရဲ့ထူးခြားချက်မှာ ယခင် သပိတ်များကဲ့သို့ ကျောင်းသားလှုပ်ရှားမှု သီးသန့်မဟုတ်တော့ဘဲ ရေနံမြေသပိတ်စစ်ကြောင်းနဲ့ ပေါင်း စည်း ဆင်နွှဲခဲ့ခြင်းပါပဲ။ ရေနံမြေ အလုပ်သမားစစ်ကြောင်းသာမကဘဲ ဗြိတိသျှနယ်ချဲ့လက်အောက်တွင် ကြီးစိုးလာတဲ့ မြေရှင်များရဲ့ ဖိနှိပ်မှုကို အန်တုဖို့ အလုပ်သမား သပိတ်စစ်ကြောင်းနဲ့အလားတူ လယ် သမားသပိတ်စစ်ကြောင်းများလည်း ချီတက်ခဲ့တဲ့အတွက် လူထုလူတန်းစား စစ်ကြောင်းကြီး ဖြစ်လာခဲ့ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားစတဲ့ လှုပ်ရှားမှုတွေ တဆက်တစပ်တည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုရပါမယ်။
ထိုအချိန်က ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ ကျောင်းသားလှုပ်ရှားမှုတို့ဟာ ခေတ်မီ လက်နက် ကိုင်ဆောင်ထားတဲ့ နယ်ချဲ့အရင်းရှင်အုပ်စိုးသူအပေါ် လုံး၀ အောင်ပွဲဆင်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများကိုတော့ လက်ခံ ရရှိခဲ့ပါတယ်။ လူထုတော်လှန်ရေး အရေးမသာမှုကို သုံးသပ်နိဂုံးချုပ်ကြည့်ကြတဲ့အခါ တော်လှန်သော အတွေးအခေါ်မရှိမှု၊ တော်လှန်ခိုင် မာ ကျစ်လျစ်သော ပါတီတရပ် မရှိမှုဆိုတဲ့ သင်ခန်းစာကို ရရှိလိုက်ပါတယ်။ ဒါကြောင့် တနှစ်အကြာ ၁၉၃၉ မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို သပိတ်မှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းအပါအဝင် ၇ ဦးဖြင့် မြေအောက်ပါတီအဖြစ် ဖွဲ့စည်းထူထောင်လိုက်ကြပါတယ်။ ၁၃၀၀ပြည့် လူထုတော်လှန်ရေးကြီးရဲ့ သင်ခန်းစာအပေါ်မှနေပြီး ဗမာပြည် လွတ်လပ်အရေးနဲ့ အဖိနှိပ်ခံ ပြည်သူ့ ဘ၀လွတ်မြောက်ရေးအတွက် တိုးချဲ့ထမ်း ဆောင်လိုက်ခြင်းလို့ ဆိုနိုင်ပါလိမ့်မယ်။ ကျောင်းသားတွေ ဟာလည်း ကျောင်းသားလှုပ်ရှားမှုမှနေပြီး နိုင်ငံရေးလှုပ်ရှားမှုများသို့ ကူးပြောင်းတက်လှမ်းလာခဲ့ ကြပါတယ်။
နယ်ချဲ့အရင်းရှင်စံနစ်အား လက်နက်မဲ့ လှုပ်ရှားမှုနဲ့ တိုက်ပွဲဆင်နွှဲလို့ အောင်မြင်မှု မရရှိ တဲ့အခါ လက်နက်ကိုင်တော်လှန်ရေး လိုအပ်မှုကို သဘောပေါက်နားလည်လာခဲ့ကြပါတယ်။ ဒါကြောင့် နယ်ချဲ့တိုက်ရေးအတွက် တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အကူအညီကို ရယူရန် ရှမ်းပြည်နယ်ဘက်မှ တရုတ်ပြည်သို့ သွားရောက်အကူညီတောင်းဖို့ သခင်ဗဟိန်းနဲ့ကိုဋ္ဌေးမြိုင်(ဒဂုန်တာရာ) တို့မှ ပထမ အကြိမ်ကြိုးစားပေမယ့် မအောင်မြင်ဘဲ ပြန်ပို့ခံခဲ့ရပါတယ်။ သခင်စိုးတို့လည်း ဒီဒုတ်ဦးဘချိုရဲ့ အဆက် အသွယ် တရုတ်တပ်များ အကူအညီနဲ့ ချုံကင်းသို့ လိုက်ပါရန် ကြိုးစားကြည့်ခဲ့ကြပါသေးတယ်။
ဆက်လက်ပြီး သခင်အောင်ဆန်းက ကြိုးစားရာတွင် သတင်းပေါက်ကြားမှုကြောင့် ဂျပန်နှင့် သာတွေ့ခဲ့ရ့ပြီး ဂျပန်မှ လက်ခံခဲ့လို့ ဗမာ့တပ်မတော်ဖွဲ့ရန် ရဲဘော်သုံးကျိပ်ဖြစ်လာခဲ့တယ်။ နယ်ချဲ့ကို မောင်းထုတ်နိုင်ခဲ့တယ်။ ဒီမိုကရေစီပညာရေးထူထောင်ရေးအတွက် တိုင်းပြည်လွတ်လပ် ရေးရရှိဖို့ ရှေးဦးလိုအပ်ကြောင်း သိမြင်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ နယ်ချဲ့တိုက်ရေးမှာ တက်ကြွ စွာ ပါဝင်တိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်သည်အထိ ဖက်ဆစ်ဝင်ရိုးတန်း သုံးနိုင်ငံမှာ ပါဝင်တဲ့ ဂျပန်ကလည်း ဗမာပြည်ကို စစ်မှန်တဲ့လွတ်လပ်ရေးမပေးဘဲ ရွှေရည်စိမ်လွတ်လပ်ရေးသာ ပေးခဲ့တယ်။ ဗမာပြည် ပြည်သူတွေဟာ ဖက်ဆစ်ဖိနှိပ်ရေးယန္တရားအောက်မှာ ကြီးစွာသော ဆင်းရဲ ဒုက္ခကိုသာ ခံစားခဲ့ရတယ်။
ဖက်ဆစ်ဖိနှိပ်မှု စစ်ဖိနပ်အောက်မှာ လူထုနှင့်တသားတည်း ရှင်သန်တိုက်ပွဲဆင်မှုကြောင့် ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍ ကြီးမားလာခဲ့တယ်။ ဒါကြောင့် ဖက်ဆစ်တိုက်ဖျက်ရေးအတွက် လူထု လူတန်းစား တပ်ပေါင်းစုဖွဲ့ရန်လိုအပ်မှုကြောင့် ကွန်မြူနစ်ပါတီ ဆိုရှယ်လစ်ပါတီ တပ်မတော် ပါဝင် သော ဖတပလ (နောင် ဖဆပလ) တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်။ ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍက ဖက်ဆစ် တော်လှန်ရေးအတွင်းမှာ ကြီးမားစွာ ပါဝင်ခဲ့တယ်။ ဒေသပြောက်ကျားတပ်များကို ကွန်မြူ နစ်ပါတီဝင်များက ဦးဆောင်ခဲ့ကြပြီး ဖက်ဆစ်အား တိုက်ထုတ်အောင်ပွဲဆင်နိုင်ခဲ့တယ်။ ဖက်ဆစ် လက်အောက်မှ လွတ်မြောက်ပေမယ့် ဗြိတိသျှအရင်းရှင်တို့က တကျော့ပြန် စက္ကူဖြူစာတမ်းနဲ့ စိုးမိုးခြယ်လှယ်ရန် ကြိုးပမ်းတာ ကြုံရပြန်တယ်။ ဒါပေမဲ့ ဗမာပြည် ပြည်သူလူထုကြီးဟာ ယခင်က ကဲ့သို့မဟုတ်ဘဲ အရာရာ နိုးကြားတက်ကြွလာခဲ့ပါပြီ။ ပြည်သူလူထုကြီးရဲ့ နယ်ချဲ့ဆန့်ကျင် ရေးစိတ်ဓာတ်နဲ့ လွတ်လပ် ရေးလိုအင်ဆန္ဒကို မထိန်းသိမ်းနိုင်တော့တာကြောင့် နယ်ချဲ့သမားဟာ သွေးထိုးလှုံ့ဆော် ဖြိုခွဲမှုနဲ့ လူသတ်ပွဲတွေ ဖော်ဆောင်လာခဲ့ကြတယ်။ ဒီအခါ ဖောက်ပြန်တဲ့ ဗမာအမျိုးသားဓနရှင်တွေဟာ ကွန်မြူနစ်ပါတီကို ဖဆပလမှ ဖယ်ထုတ်ရုံမက အမျိုးသားခေါင်း ဆောင် ဗိုလ်အောင်ဆန်းကိုပါ လုပ်ကြံ ခဲ့ကြတယ်။ ဗိုလ်အောင်ဆန်းရဲ့ ကွန်မြူနစ်ပါတီ-ဖဆပလ ညီညွတ်ရေးလှုပ်ရှားမှုလည်း နိဂုံးချုပ်ခဲ့ရပြီး အစဉ်အလာကြီးမားတဲ့ ဖဆပလဟာ နယ်ချဲ့နောက်မြီး ဆွဲ ဖဆပလ ဖြစ်လာခဲ့ရတယ်။
နု-အက်တလီ စာချုပ်ဖြင့် တိုင်းပြည်ရဲ့ စီးပွားရေး ရင်းမြစ်မျာအား နယ်ချဲ့လက်သို့ မျက်နှာ ချိုသွေးထိုးအပ်ကာ လက်သီးလက်မောင်းတန်းနေတာကတော့ ဖေါက်ပြန်တဲ့ အင်အားစုတွေ ဦးစီး ချုပ်ကိုင်ထားတဲ့ ဖဆပလအစိုးရပါပဲ။ လူထုနဲ့ တသားတည်းရှိနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို အငြိုးကြီးစွာ ဖိနှိပ်ချေမှုန်းဖို့ ကြိုးစားလာတယ်။ ကွန်မြူနစ်ပါတီရဲ့ သတင်းစာတိုက်နဲ့ အခြား သတင်း စာတိုက်များကို ဖျက်ဆီးဖို့ လုပ်လာခဲ့တယ်။ ကွန်မြူနစ်ပါတီရဲ့ သတင်းစာတိုက်ကတော့ ပါတီဝင် ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ဝန်းရံကာကွယ် မှုကြောင့် အဖျက်ဆီးမခံခဲ့ရပေမယ့် တခြားသတင်း စာတိုက်တွေ ဖျက်ဆီးချေမှုန်းတာ ခံခဲ့ရတယ်။ ဒါဟာ ဒီမိုကရေစီကို ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းပါပဲ။ တဆက်တည်း ဒီမိုကရေစီရေးကို ကာကွယ်ပြီး တုံ့ပြန်တိုက်ပွဲဆင်ဖို့ ပြောကြားလှုံ့ဆော်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို လက်နက်ကိုင်ပုန်ကန်ရန် ကြံစည်တယ်လို့ အခြေအမြစ် ကင်းမဲ့စွာ စွပ်စွဲကာ အမြစ်ပြတ် ချေမှုန်းရန် ကြံရွယ်ခဲ့ပေမယ့် ဗိုလ် သက်ထွန်း အချိန်မီ သတင်းပေးမှုကြောင့် ပွတ်သီကပ် သီ လွတ်ခဲ့ရတယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဖဆပလအစိုးရရဲ့ ဒီမိုကရေစီကို ရိုက် ချိုးဖျက်ဆီးပြီး အကြမ်းဖက်ဖိနှိပ်မူကြောင့် မလွှဲရှောင်သာဘဲ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရ တယ်။ ဒါကြောင့် ပြည်တွင်းစစ်တရားခံနဲ့ ပြည်သူ့ ဒီမိုကရေစီရေးဖျက်ဆီးမှုတရားခံဟာ ဓနရှင် ဖောက်ပြန်ရေးသမားတွေ ဦးစီးချုပ်ကိုင်ထားတဲ့ ဖဆပလ အစိုးရပါပဲ။ ဒီမိုကရေစီပညာရေး လွတ် လပ်ခွင့်ဟာလည်း ရေစုန်မျောခဲ့ရပြန်တယ်။
ဒါကြောင့် မျက်မှောက်ခေတ်မှာ သမိုင်းကပေးအပ်သောတာဝန်တရပ်အဖြစ် ဗကသ တကသ တို့က ကိုလိုနီ ကျွန်ဘဝကဲ့သို့ ပညာရေးတိုက်ပွဲများ ဆင်နွှဲခဲ့ကြရတယ်။ ၁၉၂၀၊ ၁၉၃၆၊ ၁၉၃၈ အလံကို ဆက်လက်ကိုင်စွဲခြင်းပဲ။၂၀၁၄ ကျောင်းသားသပိတ်ကလည်း ဒီအလံ ဆက်လက် ကိုင်စွဲခြင်းပဲ။ ဒီမိုကရေစီပညာရေးအတွက် မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်းတိုက် ပွဲဝင်မှုလို့ ဆိုရပါလိမ့်မယ်၊
ဗိုလ်သိန်းစိန် ဦးဆောင်တဲ့ အရပ်ဝတ်စစ်အစိုးရ လက်ထက်ရောက်ရှိလာချိန်မှာတော့ စစ်အုပ်ချုပ်ရေးတလျှောက် ကျင့်သုံးလာခဲ့တဲ့ စစ်ကျွန်ပညာရေးအား အသွင်သစ်နဲ့အသက်သွင်းရန် အမျိုးသားပညာရေးဥပဒေဆိုပြီး ပုံဖော်ဖို့ ကြိုးပမ်းလာရာမှာ ကျောင်းသားပြည်သူများအနေနဲ့ ဒေါသထွက်ခဲ့ကြရတယ်။ ဒါကြောင့် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ကျောင်းသားထုအရေးပေါ် အစည်း အဝေးခေါ်ခဲ့ကြတယ်။ စစ်ကျွန်ပညာရေးအသက်သွင်းမှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြတယ်။ ဒီ အစည်းအဝေးမှာ တကသနဲ့ မြေလတ်ဗကသ တို့ကလည်း အားဖြည့်ပါဝင်ဖို့ သဘောတူခဲ့ကြ တယ်။ ဒီမိုကရေစီပညာရေး ဦး ဆောင် လှုပ်ရှားမှုကော်မတီ (Joint committee ) ဖွဲ့ခဲ့တယ်။ တိုက်ပွဲ စသူငခပ က ၄ ရက်သပိတ်မှောက် ရက်၆၀ ရာဇသံပေးရေးပဲ။ ရာဇသံ ကာလသာ ကုန်ဆုံးသွားခဲ့ တယ်၊ အုပ်စိုးသူ အရပ်ဝတ်စစ်အစိုးရက တွေ့ဆုံမှု တစုံတရာ မပြုလုပ်တာကြောင့် ကျောင်းသား ပြည်သူတွေ ပိုမိုဒေါသထွက်ခဲ့ကြပြီး မန္တလေး-ရန်ကုန် မဟာခရီးရှည် ချီတက်သပိတ်မှောက်ခဲ့ ကြတယ်။
ခရီးတလျှောက်တွင်လည်း ပိတ်ပင်တားမြစ်မှုပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်ရပေမယ့် ပြည်သူပါ ဝင်မှုကြောင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ တောင်သာ-မြင်းခြံ အရောက်မှာ လူထုပါဝင်မှုမှာ သိန်းချီ ရှိခဲ့တယ်။ ဒီဖြစ်ရပ်ဟာ အုပ်စိုးသူ လူတန်းစားရဲ့ ယန္တရားတစုံလုံးကို ကိုင်လှုပ်နိုင်ခဲ့ပြီး သမိုင်းမှာ မကြုံတွေ့ ဖူးသေးတဲ့ အစိုးရ၊ လွှတ်တော်၊ NNER နဲ့ သမဂ္ဂကိုယ်စားလှယ်တို့ ပါဝင်တဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲပေါ်ပေါက်လာ ခဲ့တယ်။ နောက်ဆုံး၄ပွင့်ဆိုင်တွေ့ဆုံပွဲအပြီးကျောင်းသားထုမှ တောင်းဆိုခဲ့တဲ့ အချက်( ၁၁)အား အစိုးရကိုယ်စား လှယ်များမှ နှုတ်ကတိဖြင့် သဘောတူညီခဲ့ပေမယ့် ဆွေးနွေးပွဲတလျှောက်လုံးတွင် သပိတ်လှန်ရန်သာ တွင်တွင် ပြောဆိုနေမှုမှာအစိုးရရဲ့ မရိုးသားမှုကို ဖော်ပြနေပါတယ်။
ဒီလို ရိုးသားမှု မရှိတဲ့ အရပ်ဝတ် ဦးသိန်းစိန် စစ်အစိုးရဟာ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ဝန်းရံခဲ့တဲ့ ပြည်သူတွေကို သူတို့ လိမ်ညာပေးထားတဲ့ ကတိတွေအားလုံး ချိုး ဖောက်ကာ လက်ပံတန်းမှာ ဘယ်လို မတရားဖိနှိပ် ရိုက်နှက်ဖြိုခွဲခဲ့တယ်ဆိုတာကတော့ တတိုင်းပြည်လုံးအသိပါ၊
NNER ဒုတိယအကြိမ်ညီလာခံကို ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကျင်းပတဲ့အခါ ပညာရေးဆိုင်ရာ ပညာရှင်များ၊ တိုင်းရင်သားခေါင်းဆောင်များ၊ ဗ က သ များအဖွဲ့ချုပ်၊ လူထုလူတန်းစားအဖွဲအစည်းများ ပါဝင် ဆွေးနွေးခဲ့ကြတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ၄ပွင့် ဆိုင်သဘောတူညီချက်ဖြစ်တဲ့ အချက် ၁၁ ချက်ကို အလေးထားထည့်သွင်းရေးဆွဲမှုမရှိကြောင်း ဖွင့်ဟဆွေးနွေးသွားခဲ့ပါတယ်။ အဓိပ္ပာယ်က တော့ ဒီမိုကရေစီပညာရေးတိုက်ပွဲဆုံးခန်းမတိုင်သေးဘူးဆိုတာပါပဲ။ ဆက်လက်တိုက်ပွဲဝင်ကြရမယ်ဆိုတာကို တိုက်တွန်း ဆွေးနွေးခဲ့တယ်။
မှန်ပါတယ်။ ဒီမိုကရေစီ ပညာရေးတိုက်ပွဲ ဆုံးခန်းမတိုင်သေးသလို အောင်ပွဲမှာလည်း အလှမ်းဝေးနေ ဆဲပါ။ အကြောင်းရင်းကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တစုံလုံးကို အုပ်စိုးသူ စစ်အုပ်စုက ချုပ်ကိုင် ခွစီးထားလို့ပါပဲ။ အုပ်စိုးသူ ယန္တရားတလုံးစုံအား ချေဖျက်ပစ်မှသာ မိမိတို့လိုလားတောင့်တသော အခြေအနေမျိုး ဖန်တီးနိုင်ပါလိမ့်မယ်။
ယနေ့ဗမာပြည်ရဲ့ ပြဿနာဟာ ပညာရေးတခုတည်းသာ မလွတ်မြောက်သေးသည်မဟုတ်ဘဲ တိုင်း ရင်းသားပေါင်းစုံကို အခြေခံသော ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာလည်း အလှမ်းဝေးဆဲပါ။ ထို နည်းတူ အလုပ်သမားအခွင့်အရေး၊ လယ်သမားများရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လယ်လုပ်လယ်ပိုင်ရေးတို့ မှာလည်း ဆုံးရှုံးနေဆဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်အား ပုံဖေါ်ထုဆစ်သော အခြေခံ ဥပဒေဟာလည်း စစ်တပ်လူတန်းစားတို့ရဲ့ ခွစီးအနိုင်ထက်လုယူထားမှု ဖြစ်နေတာကို ဒီနေ့အခါမှာ ပိုမိုရှင်းလင်းစွာ သိမြင်နေကြ ရပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို စစ်အုပ်စုနဲ့ အရပ်ဝတ်စစ်အစိုးရက အရေးမပါတဲ့ အနည်းအပါးလောက် ကိုတောင်မှ ပြင်လိုစိတ်မရှိတာကိုလည်း အရှင်းသား ဖော်ပြနေပါပြီ။
ချုပ်ပြောရရင် ဒီမိုကရေစီပညာရေး၊၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ဖျက်သိမ်းရေး(၄) လူထုလူတန်းစားလွတ် မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့အချက် များဟာ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်နိုင်မှ အောင်မြင်မှုရရှိ နိုင်မယ့် ဘုံပြဿနာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် စစ်ဗျူရိုကရက်အရင်းရှင်စံနစ်အား ဖြိုချပြီး လူထုအုပ်ချုပ်ရေး ယန္တရားတရပ်နဲ့အစားထိုးမှသာ အဆုံးတိုင် လွတ်မြောက်နိုင်မှာဖြစ်လို့ ကျောင်းသားနဲ့ အဖိနှပ်ခံလူတန်းစား ပြည်သူလူထုများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီး အောင်ပွဲရတဲ့အထိ ဦးလည်မသုန် ချီတက်တိုက်ပွဲ ဆင်ရေးဟာ မျက်မှောက်ခေတ်က ကျွန်တော် တို့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တရပ်ပဲ ဖြစ်ပါ တယ်။
သမိုင်းကပေးအပ်သောတာဝန်တရပ်အဖြစ် ဗကသ တကသ က ကိုလိုနီစစ်ကျွန်ဘဝကဲသို့ ပညာရေးတိုက်ပွဲများ ဆင်နွှဲခဲ့ကြရတယ်။ ၁၉၂၀၊ ၁၉၃၆၊ ၁၉၃၈ အလံကို ဆက်လက်ကိုင်စွဲခြင်းပဲ။၂၀၁၄ ကျောင်း သားသပိတ်ကလည်း ဒီအလံ ဆက်လက်ကိုင်စွဲခြင်းပဲ။ ဒီမိုကရေစီပညာရေး ဆက်တိုက်နေရခြင်းပါပဲ။
မပြီးဆုံးသော ဒီမိုကရေစီပညာရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြ။
                                                                                                       အိုက်နီ(ဖြူး)

Comments

Popular posts from this blog

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”