"အာဆီယံနိုင်ငံခေါင်းဆောင်များအစည်းအဝေးကနေ ဘာရလိုက်သလဲ"
အရှေ့တောင် အာရှ (၁၀)နိုင်ငံနဲ့ အာဆီယံအသင်းကြီးကို ထူထောင်ပြီး ပြည်တွင်းရေးကို ဝင်မစွက်ဖက်တဲ့ ဘန်ဒေါင်းမူဝါဒကို ကိုင်စွဲတဲ့ အာဆီယံနိုင်ငံများအတွင်း ဒေသတွင်းတည်ငြိမ် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး ၊လူမှုစီးပွားရေး ခိုင်မာကောင်းမွန်လာစေရန် ပူးတွဲလုပ်ဆောင်ကြဖို့ အာဆီယံအသင်းကြီးကိုဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို အခြေပြုပြီး ဧပြီ ၂၄ရက်နေ့မှာ အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ဖိတ်ကြားခဲ့တဲ့အတွက် ပြည်သူလူထုကြားထဲ ဝေဖန်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။
လူထုကနေ ရွေးကောက်တင်မြှောက်ထားပြီး ပြည့်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUGကို မဖိတ်ကြားဘဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တာဟာ အာဆီယံရဲ့အခြေခံမူဝါဒကို ဆန့်ကျင်နေတာပဲဖြစ်ပါတယ်။ မြန်မာ့အရေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ရပ်တည်နေတဲ့ တရုတ်နိုင်ငံခြားရေးရာဝန်ကြီး ဝမ်ယီက အသိမှတ်ပြုကြောင်း ပြောခဲ့ပေမယ့် မြန်မာပြည်သူများရဲ့ ဆန့်ကျင်ဝေဖန်သံတွေကိုပဲ အာဆီယံက ရရှိလိုက်တာပဲဖြစ်ပါတယ်။ အစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လက်ခံနားထောင်လိမ့်မည်မဟုတ်ပါ။ သူ့ရဲ့အာဏာသိမ်းတရားဝင်မှုကို အရယူဖို့ အစည်းအဝေးတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ အကောင်းမြင်တဲ့ဘက်ကနေ အာဆီယံအစည်းအဝေး အောင်မြင်တယ်၊ စေ့စပ်ညှိုနှိုင်းမှု လက်ခံလမ့်မယ်လို့ ပြောဆိုနေတာပဲ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ သမိုင်းဟာလည်း အိမ်ရှေ့က လူကြီးလူကောင်းကို ဧည့်ခံပြီး အိမ်နောက်ဖက်က သူခိုးဓားပြ လူသတ်ကောင်ကို လက်ခံစကားပြာနေတတ်တာဟာ ဝန်ကြီးချုပ် လီကွမ်ယု လက်ထက်ကတည်းကပါ။ အာရှ စစ်အာဏာသိမ်းဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်တတ်ပေမယ့် နောက်ကွယ်ကနေကူညီပီး စီးပွားရေးလုပ်နေတာဟာ စင်္ကာပူရဲ့ထုံးစံပါ။ အာဆီယံထိပ်သီးအစည်းအဝေးကနေ အချက် (၅) ချက် ပူးတွဲထုတ်ပြန်မယ် ကြေညာပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လက်ခံကြောင်း တိကျတဲ့အဖြေပေးမသွားပါဘူး။ ကမ္ဘာ့နိုင်ငံတွေရဲ့ အသံတွေကို နားမထောင်ဘဲ တဇွတ်ထိုးလုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုကို တုန့်ပြန်ဖို့ အာစီယံအစည်းအဝေးကို အသုံးချသွားတာပဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ အာစီယံနိုင်ငံများရဲ့ သဘောတူညီချက် (၅)ချက် ပူးတွဲထုတ်ပြန်ချက်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသား ၃၀၀၀ ကျော်အပါအဝင် အာဏာသိမ်းစစ်အုပ်စုရဲ့မတရားသတ်ဖြတ်ခံရတဲ့ပြည်သူ ၇၀၀ကျော်အကြောင်း ကန့်ကွက်တာမပါဝင်ဘဲ အကြမ်းဖက်မှုတွေရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ လူသားချင်းဆိုင်ရာ အကူညီပေးခွင့်ပြုရန်၊ အာဆီယံအထူးကိုယ်စားလှယ် စေလွှတ်ခွင့်ပြုရန် နှင့် အထူးကိုယ်စားလှယ်မှ သက်ဆိုင်ရာအဖွဲ့အစည်းများကို တွေ့ခွင့်ပြုရန် သာ ပါဝင်ခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ ဘာရလိုက်သလဲဆိုရင် အာဆီယံရဲ့ ပြည်တွင်းရေးဝင်မစွက်ဖက်ရေး မူကို ချိုးဖောက်ပြီး လူသတ်အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို အသိမှတ်ပြုတာ တွေ့မြင်ရမှာဖြစ်ပြီးတော့ မြန်မာပြည်သူတွေအနေနဲ့ကတော့ စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့ သုံးသပ်လိုက်ရပါတယ်။
အိုက်နီ(ဖြူး)
Comments
Post a Comment