"တနေ့တာ"
နေဖင်ထိုးပြီဆိုရင်တော့
ကျနော့အတွက်တော့ မိုးလင်းပြီပေါ့
ကိုယ့်ဘဝ ကို ကျောင်း
စာမူခထုတ်တဲ့နေ့ကလွဲလို့
နေ့စဉ်ဈေးဝယ် ချက်ပြုတ်ရတာ
ကျနော့အလုပ်ပါ
မျက်နှာကိုကမန်းကတန်းသစ်ပြီး
ဈေးဝယ်ဖို့ပြင်ရတာပေါ့
တခါတခါ မျက်နှာသစ်ဖို့ မေ့နေတာလည်း
ကျနော့အလုပ်ပါပဲ လေ
ထားပါတော့.....
ဆေးလိပ်ကို ခပ်ပြင်းပြင်းဖွါရင်း
ချောင်ကျကျရပ်ကွက်က
ကားလမ်းအခြားတဖက်က
ဈေးကို အခြားသူတွေ ဈေးဝယ်ပြန်ချိန်
ကျနော်ကတော့ ဈေးဝယ်ထွက်ချိန်ပေါ့
အသားဝယ်မချက်နိုင်သူအဖို့တော့
နောက်ကျလည်း ကိစ္စမရှိပါဘူး
အရက်ဆိုင်ပိတ်ရင်တော့ ပြသာနာရှိနိုင်တာပေါ့
ခပ်ညံ့ညံ့ ဟင်းချက်စရာ
ဟင်းသီးဟင်းရွက်ဝယ် ဆေးပြင်းလိပ်နဲ့ အရက်တပိုင်းကို
ပါဆယ်ဆွဲလို့ ချောင်ကျကျ အိမ်လေးဆီ
ပြန်လာ ချက်ပြုတ် အမြီးဟင်းလျာတွေအဖြစ်
ကန်စွန်းရွက်ချဉ်ရည် ခရမ်းသီးနှပ်ပေါ့
ဟင်းအရင်ကျက်ဖို့တော့ လိုတယ်
ထမင်းက နောက်မှ ကျက်ပါစေ
ည ၈နာရီ ၉နာရီအမှီကျက်ရင် ရပါပြီ
ဟင်းအကျက်မှာ အရက်ကိုငှဲ့ ဆေးလိပ်ကိုဖွါ
ဟင်းပူပူတွေနဲ့ မြည်းရတဲ့ အရသာကို မလဲနိုင်တဲ့
ကျနော့ဘဝကြီးက ခေတ်ဆိုး အောက်မှာ
ပျော်စရာကြီးပါ။ ။
အိုက်နီ(ဖြူး)
19/10/2015
Comments
Post a Comment