"ဒေါ်အောင်ဆန်းစုကြည် တပ်ဦးအလံကို စွန့်လွှတ်ပြီလော"(အမြင်သဘောထား)


အမေဟု ခေါ်ဆိုလျှင် ဗမာ့လူ့အဖွဲ့အစည်းတွင်သာမက ကမ္ဘာ့ထုံးတမ်းစဉ်လာအရ မိမိအား မွေးဖွားသောသူဟု မှည့်ခေါ်သည်ဟု သတ်မှတ်လေ့ရှိပါတယ်။ဒါပေမဲ့ အမေစုလို့ ဗမာပြည်လူထုက တမြတ်တနိုးခေါ်ဆိုနေကြတာဟာ ဒေါ်အောင်ဆန်းစုကြည်မှ မွေးဖွားပေးလို့မဟုတ်ပါဘူး။ လူမျိုးပေါင်းစုံပါဝင်သောတမျိုးသားလုံးကို စစ်အာဏာရှင်စနစ်ဆိုးအောက်မှ ကယ်တင်မည့် ကယ်တင်ရှင်အဖြစ်မှတ်ယူလို့ပဲ ဖြစ်ပါတယ်။နတ်ကိုးကွယ်မှုဓလေ့ရှိသော ဗမာ့လူ့အဖွဲ့အစည်းတွင်လည်း မိမိလေးစားကိုးကွယ်သော နတ်များအား အမည်ရှေ့တွင် အမေတပ်ခေါ်လေ့ရှိပါတယ်။ဥပမာ အမေကြမ်း အမေရေယဉ် အမေနွားကရိုင်းမယ်တော် စသည်ဖြင့်ပေါ့။ထို့အတူ အင်မတန်မှဆိုးဝါးခက်ခဲကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ ရုန်းထွက်လိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးသလို မိမိတို့ရဲ့ ရုန်းကန်မှုပေါင်းများစွာလည်းရှိခဲ့ပေသည်။အကျယ်အပြန့်မရေးလိုတော့ပါ။အားလုံးသူ့ခေတ်သူခါနှင့်အည ီရင်ဆိုင်ကျော်ဖြတ်ဖူးသူများပဲဖြစ်ပါတယ်။ရှင်းရှင်းပြောရရင် ဒေါ်စုမှ လူထုကိုမွေးဖွားလို့ အမေစုဖြစ်လာသည်မဟုတ်ဘဲ လူထုမှဒေါ်စုကို မွေးဖွားလာခြင်းပဲဖြစ်ပါတယ်။
           အမေစုရဲ့ လုပ်ဆောင်ချက်အား စောင့်ကြည့်ခဲ့သည်မှာ အချိန်ကာလအတော်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ပြောသင့်သော အချိန်ကာလဟု မှတ်ယူ၍ ပြောဆိုထောက်ပြခြင်းပဲဖြစ်ပါတယ်။စ ပြောရရင် ၂၀၀၈ အတုအယောင်ဖွဲ့စည်းပုံထောက်ခံပွဲကနေ ဖြစ်ပေါ်လာတဲ့ ၂၀၀၈အခြေခံဥပဒေက တဆင့် ၂၀၁၀ ရွေးကောက်ပွဲကို  တချိန်က ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ နိုင်ငံရေးပါတီအမည်ခံကာ တကောင်တည်းပြေးပြီး ဗိုလ်သိန်းစိန်အရပ်သားအစိုးရအဖြစ် ဗိုလ်စွဲပြခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွှေဂုံတိုင်ကြေငြာစာတန်း ထုတ်ပြန်၍ ကန့်ကွက်ခဲ့ပါတယ်။ဒီမိုကရက်တစ်အင်အားစုအားလုံးလည်း ထောက်ခံဝန်းရံခဲ့ကြတာ အားလုံးအသိပါပဲ။၂၀၁၂ နှစ်ဦးပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားပေါင်းများစွာ လွတ်မြောက်လာခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် တွေ့ဆုံမှု ဗိုလ်သိန်းစိန်နှင့်ပါ တွေ့ခဲ့ပြီး အချို့အချက်အလက်များ အလျော့ပေး၍ နိုင်ငံရေးပါတီအဖြစ်ပြန်လည်အသိမှတ်ပြုမည်ကို တွေ့မြင်ရပေမဲ့ ပါတီဝင်အားလုံး ပြန်လည်ပါတီဝင်ဖေါင်ဖြည့်ရန်လုပ်ဆောင်မှုသည် သဘာဝမကျလှပေ။အဓိပ္ပါယ်က ၈လေးလုံးလူထုအရေးတော်ပုံက မွေးဖွါးလာတဲ့သမိုင်းကြီးမြတ်ခဲ့သော အဖွဲ့ချုပ်အား ဖျက်သိမ်းခိုင်းပြီး ပါတီသစ် ထူထောင်ခိုင်းလိုက်ခြင်းပဲဆိုရမှာ ဖြစ်ပါတယ်။ဒါပေမဲ့ ဦးဝင်းတင်မှ အပ ကျန်ရှိပါတီခေါင်းဆောင်ပိုင်းသဘောတူညီမှုဖြင့် မှတ်ပုံပြန်တင်လိုက်ကြပါတယ်။ဒါဟာ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြသောပါတီဝင်ထုနှင့် လူထုကြီးအပေါ်သစ္စာမဲ့မှုှုပဲဖြစ်ပါတယ်။ဒါပေမဲ့ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ရွှေဂုံတိုင်ကြေငြာစာတန်းအား ကျောခိုင်းကာ ပါဝင်ခဲ့မှုအား မိမိအပါအဝင် အားလုံးမှ နားလည်ပေး၍ ထောက်ပံ့ဝန်းရံခဲ့ကြပါတယ်။ရွေးကောက်ပွဲမှာ ၄၄ နေရာမှာ ၄၃ နေရာအနိုင်ရပြီး ပါလီမန်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၈ ပြင်ဆင်သင့်တယ်လို့ပြောကြားမှုမှ ၄၃၆ လူထုလှုပ်ရှားမှုပေါ်ပေါက်လာခဲ့သည်ကို အားလုံးမှ ထောက်ခံခဲ့ကြပါတယ်။ဒါပေမဲ့ သန်းချီသော လက်မှတ်များအား စစ်အုပ်စုအလိုအရ စစ်ပါလီမန်မှ ပယ်ချသော အခါ အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်အောက်တွင် ပျောက်ကွယ်ခဲ့ရပါသည်။၂၀၀၈ ပြင်ဆင်ရေး လှုပ်ရှားမှု ပျောက်ကွယ်သွားတာဟာ သန်းပေါင်းမြောက်မြားစွာသော ပြည်သူများရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာပဲဖြစ်ပါတယ်။ရွေးချယ်စရာမဲ့နေသော လူမျိုးပေါင်းစုံပြည်သူလူထုကြီးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မျက်လုံးစုံမှိတ်ကာ ထောက်ခံလိုက်ကြပါတယ်။တဖက်မှာလည်း ပြည်တွင်းစစ်မီးတောက်လောင်မှုမှာ မငြိမ်းသတ်နိုင်ဆဲဖြစ်သလို လူနေမှုဘဝမှာ အားလုံးချွတ်ခြုံကျနေမှု ဒီတကြိမ်မှာ ငြိမ်းချမ်းရေး အမျိုးသားတန်းတူခွင့်ကို အာမခံသော ဖယ်ဒရယ်ဖွဲ့စည်းပုံသစ်အတွက် မျှော်လင့်ချက်ကြီးစွာ ထောက်ခံပေးလိုက်ကြခြင်းပဲဖြစ်ပါတယ်။ပထမတော့ အာဏာလွှဲလို့ ၃လခန့်စောင့်ပါတဲ့။အာဏာရပြီး မကြာခင်မှာ ရက်၁၀၀ စီမံကိန်းကို မျှော်လင့်ချက်ကြီးစွာစောင့်ကြည့်ပေမဲ့ အမှိုက်ကောက်တဲ့လှုပ်ရှားမှုမှအပ ထူးထူးခြားခြား ပြောင်းလဲမှုမဖြစ်ခဲ့။အားလုံးမျှော်လင့်တဲ့ အမေစုလည်း သမ္မတ ဖြစ်ခွင့်မရခဲ့ပါ။ထို့အပြင် အသစ်ကို မျှော်လင့်လို့ မဲပေးထောက်ခံခဲ့ကြပေမဲ့ အဟောင်းတွေနဲ့ ဟင်းပေါင်းအစိုးရထက် ပိုဖြစ်မလာခဲ့။၂၀၀၈ပြင်ရေးအသံမှာလည်းတိတ်လို့ အမတ်တွေရဲ့ ချွတ်ချော်တဲ့လုပ်ရပ်တွေက အားတက်ဖို့ဖြစ်မလာခဲ့ပဲ စိတ်ပျက်စရာ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်းသာ ဖြစ်ခဲ့ပါတယ်။ဒီအပြင် ဗိုလ်သိန်းစိန်လက်ထက်ပြုလုပ်ခဲ့သော ၂၀၀၈ ကျွန်သက်ရှည်စေရန် NCAစာချုပ်နှင့် မူဘောင်များအား ပြင်ဆင်ခြင်းမလုပ်သည့်အပြင် လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအား အချိန်မဆွဲရန်ပြောကြားမှုသည် ရင်ဝကို ပြေးကန်နေသည့်အလားပင် ဖြစ်ပါတယ်။ဒီနေ့ဖြစ်ပျက်နေသော ပြည်တွင်းစစ်မီး၏ အဓိက တရားခံမှာ ထိုးစစ်အား အလုံးအရင်းနှင့် ထိုးနေသော မအလကြေးစားတပ်ဖြစ်နေသည်ကို မည်သို့သော တားဆီးမှုများမပြုလုပ်ခြင်းက လူထုကိုယ်စားလှယ်ဘဝမှ စစ်အုပ်စု ကိုယ်စားလှယ်အဖြစ်တက်လှန်းနေသည်လားဟု မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
            မကြာခင်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲအတွက် နေရာအားလုံးအနိုင်ရရန်ဆော်သြနေသည်တွေ့ရပါသည်။ဒီလမ်းတိုင်းသာ ဆက်လျှောက်လျှင် စစ်အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေးဖြစ်မလာဘဲ စစ်အာဏာရှင်လူတစုရဲ့ လက်ကိုင်တုတ်ပါတီသာ ဖြစ်နေပါလိမ့်ဖြစ်ပါသည်။လူထုကတော့ ကိုယ့်အားကိုယ်ကိုးရုံမှအပ အခြားမရှိ။
                                                 အိုက်နီ(ဖြူး)
                                     ၃၀ရက် အောက်တိုဘာ ၂၀၁၆
                                                 မနက် ၆း၃၀

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"