"တို့ နိုင်ငံရဲ့ ခေတ်"
ပြည်သူတွေက တနေ့ ၃၀၀၀ရဖို့
ချွေးဒီးဒီးကျအောင် လုပ်နေရတဲ့အချိန်မှာ
ဝန်ကြီးချုပ်ကသိန်း၃၀ နာရီပတ်လို့
မော်ကျော့နေတဲ့ ခေတ်။
ပြည်သူတွေက ငြိမ်းချမ်းရေး ရဖို့
တခဲနက်မဲပေးခဲ့ပေမဲ့
စစ်တပ်ရဲ့ထိုးစစ်ကို
သူတို့နှုတ်ဆိတ်နေလေတဲ့ ခေတ်။
၂၀၀၈ ပြင်ဖို့ စစ်အာဏာရှင်စနစ် ကို မကြိုက်လို့
လက်သန်းမှင်စွန်းခံပြီး အနီရောင်လွှမ်းပေးခဲ့ပေမဲ့
အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့
စကားလုံးအောက်မှာ အစိမ်းနဲ့အနီ
ညွှန့်ပေါင်းဖွဲ့နေတဲ့ ခေတ်။
ဘယ်ဟာက စေတီ ဘယ်ဟာက တောင်ပို့မှန်း
ခွဲခြားဖို့ အမြင်စွမ်းအားမရှိလောက်အောင်
သူတို့ ညီညွတ်နေကြတဲ့ ခေတ်။
အရင်းရှင်စနစ်ဆိုးကို မခံနိုင်လွန်းလို့
ဆန္ဒမဲတွေနဲ့ ဆန့်ကျင်ခဲ့ပေမဲ့
အရွေးကောက်ခံပြည်သူ့အစိုးရက ခရိုနီကို
လက်တွဲခေါ်ဖို့ လုပ်နေကြတဲ့ ခေတ်။
လယ်သိမ်းခံရလို့ မြေရှင်စနစ်ဆိုးကို
တိုက်ဖျက်ဖို့ မဲပေးခဲ့ပေမဲ့
မြေရှင်တွေက အမတ်မင်းတွေ တက်ဖြစ်နေတဲ့ ခေတ်။
မကျေနပ်လို့ ဝေဖန်ချက်ကို လူမှုကွန်ယက်ပေါ်
တင်ခဲ့မိရင် ၆၆ ဃ နဲ့ တရားစွဲခံနေရတဲ့ ခေတ်။
လမ်းဘေးဈေးသည်တွေရဲ့ ဈေးပစ္စည်းကို
လမ်းပေါ်ကြဲချပြီး
ကုန်တိုက်ကြီးတွေရဲ့ promotion အရောင်းဆိုင်တန်းတွေက
ပလက်ဖေါင်း ပေါ် တက်ရောင်းနေမှုကို မျက်ကွယ်ပြုနေတဲ့ ခေတ်။
ခေတ် ခေတ် စိတ်ကူးယဉ်အိမ်မက်မဟုတ်တဲ့
တကယ့်လက်တွေ့ထဲက ခေတ်••••• ။ ။
အိုက်နီ(ဖြူး)
နိုဝင်ဘာလ ၈ရက် ၂၀၁၆
Comments
Post a Comment