"အရင်အတိုင်း ပါပဲ"
ဘတ်စ်ကား ဂိတ်တွေမှာ
ဝမ်းရေးအတွက် ပါစင်ခ်ဂျာကို
အလုအယက်နဲ့ ခေါ်နေရတဲ့
နေပူပူ အောင်မင်္ဂလာကွင်းထဲမှာ
ကယ်လ်ရီ သမားတွေရဲ့ဘဝက
အရင်အတိုင်းပါပဲ။
မီရထားလက်မှတ်ခတွေ
အပိုမတောင်းရပါဘူးလို့ ဆိုင်းဘုတ်တွေ
အထပ်ထပ်ကြားက ပိုတဲ့ ပြန်အမ်းငွေ
မရတာကလည်း အရင်အတိုင်းပါပဲ။
၁၉လမ်းရဲ့ အရောင်အသွေးစုံ လူ့အလွှာတွေကြားမှာ
ချိုင်းထောက်လေး ထောက်ပြီး
တေးသီနေရတဲ့ ဘဝကလည်း
အရင်အတိုင်းပါပဲ။
ပလက်ဖေါင်းထက်က
မဂိုလမ်းရဲ့ အဟောင်းတန်းဈေးကွက်မှာ
စည်းကားနေရတဲ့ ဘဝလေးတွေကလည်း
အရင်အတိုင်းပါပဲ။
ဆူးလေရဲ့ လမ်းမထက်က
ခိုအုပ်တွေကြားထဲမှာ
ပြောင်းစေ့ပန်ကန်းလေးတွေနဲ့ သူတို့ ဘဝကလည်း
အရင်အတိုင်းပါပဲ။
စစ်အသုံးစရိတ်တွေ တိုးမြှင့်ရေးနဲ့
တောင်းတန်းပေါ်က
သေနတ်သံတွေရဲ့ ကြားမှာ ယမ်းငွေ့တွေကလည်း
အရင်အတိုင်းပါပဲ။
တရိပ်ရိပ်တက်နေတတ်တဲ့
အပြေးချန်ပီယံကြီး ကုန်ဈေးနှုန်းကလည်း
အရင်အတိုင်းပါပဲ။
ကိုယ့်ငှားတဲ့ အလုပ်သမားအပေါ်
လွတ်လပ်စွာ နှိပ်စက်ခွင့်တွေကလည်း
အရင်အတိုင်းပါပဲ။
ဇာတ်တိုက်ထားတဲ့ လူတွေရဲ့
စားကျက်ပြောင်းပေးတတ်တဲ့
ဓလေ့တွေ
ငတ်နေတဲ့ သန်းပေါင်းများစွာသော
ပြည်သူတွေ
ယမ်းငွေ့ကြားက
ထောင်နှင့်ချီကာ ပြေးလွှားအကူအညီ
တောင်းခံနေရတဲ့ ပြည်သူတွေ
အလုပ်သမားတွေအပေါ် အလုပ်ရှင်က
လွပ်လပ်စွာ ကျွန်ပြုခွင့်တွေ
••••••အားလုံး အားလုံးဟာ
အရင်အတိုင်းပါပဲ။ ။
အိုက်နီ(ဖြူး)
၂၅ရက် အောက်တိုဘာ ၂၀၁၆
Comments
Post a Comment