"အိပ်ပျော်သွားတဲ့ ကန္နရဝတီ"
နှစ်သစ်မှာ
လူမဆန်သူတွေကြောင့် အရာရာပြိုလဲ စည်းကားလှတဲ့ နောင်ယားစျေး လည်း
တိတ်ဆိတ် ငြိမ်သက်
ကြက်ပျံမကျစည်းကားလှတဲ့
တောင်စျေးမှာလည်း လူသူကင်းမဲ့ခဲ့ရ
မနက်မိုးသောက်ရင် ဆိုင်ကယ်သံ
ကားသံ ဟွန်းသံအမျိုးမျိုးနဲ့ ညံစီခဲ့တဲ့
တို့ရဲ့ ကန္နရဝတီ။
ခုများဆို မြို့ပျက်အလား
လမ်းတွေလည်း လူသူကင်းမဲ့ခဲ့
ညမှောင်ရင် တိုင်ပင်ခေါ်သံမရှိဘဲ
မာကျူရီမီးတွေ အစီအရီ မီးပိတ်ကြပြီး
စကားကျယ်ကျယ်မပြောရ၊ ကလေးမငိုစေရ၊ နေဝင်မီးငြိမ်းခဲ့ရ။
လမ်းမထက်မှာ သံသယမျက်လုံးကိုယ်စီနဲ့ ထိတ်လန့်တုန့်လှုပ်
ခေါင်ရည်တန်းလည်း ရောင်းသူမရှိ ဝယ်သူမရှိ
လမ်းမထက်မှာ အစိမ်းရောင်ဝတ်လူတွေအပြည့်မှ အပ
လူသူကင်းမဲ့စွာ တိတ်ဆိတ်ခြောက်ခြားမြို့ပျက်အလား
အထုပ်ကြီး အထုပ်ငယ် ခလေးငယ်တွေ
တချို့ကကြုံရာကားနဲ့ တချို့က ခြေလျင်တပ်မအဖြစ် ပြေးလွှားရုန်းကန်
အဝေးက ကြည့်ရင် မြူတွေဆိုင်းတဲ့ မြို့တော်ကြီးက
ခုက မီးခိုးငွေ့တွေ ယမ်းနံ့တွေ
ပြိုပျက်နေတဲ့ အိမ်တွေ ကျောင်းတွေ ဘုရားကျောင်းကန်တွေနဲ့
ထိတ်လန့်စရာ အနိဌာရုံတွေနဲ့ အပြည့်။
အိပ်ပျော်နေတဲ့ ကန္နရဝတီ
ပြန်လည်နိုးထကြဖို့ လူငယ် လူလတ် လူကြီး အလွှာစုံ ရုန်းကန်ကြရင်း
ပြိုပျက်နေတဲ့ အရာတွေကို အသစ်တွေအဖြစ်
တည်ဆောက်ရင်း
နိုးထရဦးမယ့် မြို့ကန္နရဝတီ။
အိုက်နီ(ဖြူး)
Comments
Post a Comment